ဘော်လခဲမြို့နယ်ထဲကကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်ကဗုံကြဲလို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိ

မေလ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်နီ၊ ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ ဘော်လခဲမြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က တိုက်လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်  ကျေးရွာအတွင်း နေထိုင်သူ အမျိုးသမီး ၁ ဦးသေဆုံးကာ အမျိုးသား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Bawlakhe PDF မှ သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁၇ ရက်နေ့ မနက် ၄ နာရီဝန်းကျင်အချိန်လောက်မှာ  ဘော်လခဲမြို့နယ်ထဲကစောလုံကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဥ်တစ်စီးနဲ့လာရောက်ဗုံးကြဲခဲ့တာကြောင့် အသက် ၁၇ နှစ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့တဲ့အပြင် အသက်ကြီးပိုင်း အမျိုးသား ၄ ဦးမှာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Bawlakhe PDF က ပြန်ကြားရေးတာဝန်ခံပြောပါတယ်။

“အခုကတိုက်ပွဲ မဖြစ်ဘူး ဘာထူးခြားမှုမှ မရှိတာပါ၊ ထူးခြားမှုမှ မရှိပဲ ဖြစ်သွားတာပေါ့ သူတို့ကတော့ သူတို့ အကျင့်တိုင်း ယုတ်မာတယ်လို့ပဲ ထင်တယ်၊ လေယာဥ်ကတော့တစ်စီးဘဲ၊ ကြဲတာကတော့ ၂ လုံး ၊ ထိခိုက်တဲ့ သူတွေကတော့ အသက် ၄၀ ဝန်းကျင်အရွယ်တွေကြီးဘဲ အခုတော့စိုးရိမ်စရာမရှိပါဘူး” လို့ သူကပြောပါတယ်။

အခုလိုစစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာဆေးပေးခန်း အဆောက်အဦး ၂ လုံး ၊ လူနေအိမ် ၆ လုံးပျက်စီးခဲ့တဲ့အပြင် ဘုန်းကြီးကျောင်းတစ်ကျောင်း အနည်းငယ်ထိခိုက်ပျက်စီးခဲ့ကာ ဒေသခံပြည်သူတွေရဲ့အိမ်မွေးတိရိစ္ဆာန်တစ်ချို့ ထိခိုက်သေဆုံခဲ့ပါတယ်။

စောလုံကျေးရွာအတွင်းမှာ လူဦးရေ ၁၀၀ ဝန်းကျင်သာရှိပြီး အခုလိုဗုံးကြဲခဲ့တာကြောင့် ဒေသခံပြည်သူ တွေဟာ နီးစပ်ရာတောတွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဘောလခဲခရိုင်အတွင်းကို လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်တာဟာ ၃ ကြိမ်မြောက်ရှိပြီလဲ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂၀၂၃ ခုနှစ် ဧပြီလ (၃၀)ရက်နေ့အထိ ကရင်နီ ကယားပြည်အတွင်း အရပ်သားပြည်သူ သေဆုံးသူ (၃၁၈) ဦးအထိရှိတယ်လို့ PKPF မှ ထုတ်ပြန်ထားပြီး စစ်ရှောင်ဦးရေမှာလည်း ၂ သိန်း ကျော်ရှိလာပြီဖြစ်တယ်လို့ စစ်ရှောင်ကူညီပေးနေသူ တွေထံမှသိရပါတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)