ကျိုက်ထိုမြို့နယ် စီမံကောင်စီဝင် ဦးရဲနိုင်အောင် ရှင်းလင်းခံရ

ကျိုက်ထိုမြို့နယ် စီမံကောင်စီဝင် ဦးရဲနိုင်အောင် ရှင်းလင်းခံရ

မော်လမြိုင်၊ ဇွန်၊ ၂၃

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်စီမံကောင်စီအဖွဲ့ဝင် ဦးရဲနိုင်အောင် ဇွန်လ ၂၂ ရက် ညနေပိုင်းမှာ ပစ်ခတ်ရှင်းလင်းခံရတယ်လို့ ဒေသခံတွေ ထံမှ သိရပါတယ်။

“ ဆိုင်ကယ်နဲ့ တစ်ယောက်ထဲ မောင်းလာတဲ့အချိန်ပဲ နောက်ကနေ သေနတ်နဲ့ ပစ်ခံရတာ၊ သေတာပေါ့၊ ပွဲချင်းပဲတဲ့၊ ကောင်စီဝင်လေ သူက၊ နောက်ပြီး ကျူရှင်တွေလည်း သင်တယ်။ ပြောကြတာတော့ သူက ကြံ့ခိုင်ရေးပါတီဝင်တဲ့။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဦးရဲနိုင်အောင်ဟာ ကျိုက်ပိကျေးရွာဘက်ကို ဆိုင်ကယ်နဲ့ မောင်းနှင်လာတဲ့အချိန် ကျိုက်ပိတောရကျောင်းအနားမှာ အမည်မသိ လူနှစ်ဦးမှ နောက်ကနေ သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

သေနတ်ပစ်ခံရတဲ့ ဦးရဲနိုင်အောင်ဟာ ခန္ဓာကိုယ်အနှံ့မှာ ကျည်ဖောက်ထွင်းဒဏ်ရာ ၈ ချက်နဲ့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို ကျိုက်ထိုမြို့နယ်တော်လှန်ရေးအင်အားစု (KRF)က လုပ်ဆောင်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပြီး ဦးရဲနိုင်အောင်ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အပြစ်မဲ့ပြည်သူတချို့ကို ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးငွေညှစ်ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေတဲ့ အတွက် ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကျိုက်ထိုမြို့နယ်မှာဆိုရင် စစ်ကောင်စီလက်အောက်ခံ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူ့စစ်တွေ၊ ပျူစောထီးတွေ၊ သတင်းပေး နဲ့ စစ်တပ်ထောက်ခံသူတွေကို တော်လှန်ရေးအင်အားစုတွေက မကြာခဏပစ်ခတ်ရှင်းလင်းလေ့ရှိနေပါတယ်။

သတင်း – မိကျဲကျဲ
ဓါတ်ပုံ – Crd