
ဇွန်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ်၊ ရေး- ထားဝယ်လမ်း ပေလေးဆယ်တံတားအနီး ကလော့လမ်းဝနားဇွန်လ ၂၈ ရက်နေ့ မနက် ၉ နာရီဝန်းကျင်အချိန်မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ခရီးသွားအိမ်စီးကား ၁ စီးထိမှန်ကာ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ရေး- ထားဝယ်လမ်း ပေလေးဆယ်တံတားအနီး ကလော့လမ်းဝနားမှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွား ရန်ကုန်ကနေထားဝယ်ကိုမောင်းနှင်လာတဲ့ ခရီးသွားအိမ်စီးကား ၁ စီးထိမှန်ခဲ့ရာအသက် ၄၁ နှစ်အရွယ် ယာဥ်မောင်းအမျိုးသမီးမှာ ဦးခေါင်းခွံကိုကျည်ဖောက်ဝင်ဒဏ်ရာ၊ ပြင်ပဒဏ်ရာတွေအပြင် ၁ နှစ် ဝန်းကျင်အရွယ်ကလေးငယ်အပါအဝင် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး မှာလည်းပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့သူ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးကပြောပါတယ်။
“ယာဥ်ပေါ်မှာက ပေါင်း ၄ ယောက်ပါတယ်၊ ယာဥ်မောင်းအမျိုးသမီးက ဦးခေါင်းခွံကျည်ဖောက်ဝင်တယ်၊ ဝဲဘက်လက် လက်သန်းကြွယ်ကျိုးသွားတယ်၊ ကျန်တဲ့အမျိုးသမီးတစ်ယောက်က မျက်ခုံကျည်ရှပ်တယ် ပွန်းပဲ့ဒဏ်ရာရတယ် ကလေးကတော့မှန်စတွေ စိုက်တယ် အစ်ကိုတစ်ယောက်ကလည်း မှန်စတွေနဲ့ ပွန်းပဲ့ဒဏ်ရာတွေပေါ့၊ ပြည်သူတစ်ယောက်ကပေါ့ ဖုန်းဆက်တယ် ခရီးသွားယာဥ်တစ်စီးပစ်ခတ်ခံရတယ် လူနာတင်ယာဥ်လာပေးပါဆိုပြီး သွားတဲ့ချိန်ထိခပ်လှမ်းလှမ်းကနေ သေနတ်သံကြားနေရသေးတယ်၊ သေနတ်သံရပ်မှ ကျွန်တော်တို့ဝင်သွားတယ်” လို့ သူကပြောပါတယ်။
ယာဥ်မောင်းအမျိုးသမီးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တာကြောင့် ရေးမြို့ပြည်သူ့ရေးရုံကနေ တစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ခဲ့ပေးခဲ့ပြီး ကလေးငယ်အပါအဝင် ကျန် ၂ ဦး ပါလိုက်ပါ သွားတယ်လို့ ဆိုပါတယ်။
အခုလိုပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ ဖားစည်သံ အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဒါ့အပြင် ဒီနေ့ ဇွန်လ ၂၈ ရက် မနက် ၈ နာရီခွဲအချိန်မှာ ကလော့ကျေးရွာအနီး မောင်းနှင်လာတဲ့ စစ်ကောင်စီပွိုင့်ကား ၁ စီးကို ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ကာ ကျန်အသေးစိတ်အခြေနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဒုစစ်ဒေသခွဲမှူးရုံးက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)