
ဇွန်လ (၁၄) ရက် ၊ ၂၀၂၃ ခုနှစ်
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်းက ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သားပြည်သူ ၆၀၀,၀၀၀ ဝန်းကျင် ရှိလာပြီလို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ထံမှ သိရပါတယ်။
တိမ်းရှောင်နေရတဲ့ စစ်ရှောင်တွေအတွက် အခုမိုးတွင်းကာလမှာ ခိုင်ခံ့တဲ့အမိုးအကာ ၊ နေရာထိုင်ခင်း ၊ ဆေးဝါး နဲ့ အခြေခံစားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ KHRG မှ တာဝန်ရှိသူက ပြောပါတယ်။
“လက်ရှိကရင်ပြည်နယ်လုံးရဲ့ စစ်ရှောင်အရေအတွက်ကတော့ ခန့်မှန်းခြေ ၆၀၀,၀၀၀ ဝန်းကျင်လောက် ရှိတယ်လို့ ကျွန်တော်တို့ ယူဆရတာပေါ့နော် ။ မိုးတွင်းကာလမှာ စစ်ရှောင်တွေအတွက် အဓိကလိုအပ်တဲ့အရာတွေကကျတော့ အထူးသဖြင့် နေရာထိုင်ခင်း ၊ ခိုင်ခံ့တဲ့အမိုးအကာတွေ ၊ ကျန်းမာရေးအတွက် ဆေးဝါး နဲ့ နောက်ပီးတော့ အခြေခံစားနပ်ရိက္ခာ လုံလောက်မှုရှိဖို့ လိုအပ်တယ်”လို့ ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကရင်လူထုအခြေပြု အဖွဲ့အစည်းတွေ အချင်းချင်းစုစည်းပြီး ကူညီဆောင်ရွက်ပေးနေတာတွေရှိသလို နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာအတွက် CIDKB မှ အဓိကကူညီပံ့ပိုးပေးနေပြီး KDHW အနေနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေလည်း ဆောင်ရွက်ပေးနေပေမယ့် မြေပြင်မှာ လိုအပ်ချက်တွေက ရှိနေတုန်းပဲဖြစ်ပါတယ်။
အာဏာသိမ်း ၂ နှစ်ကျော် ကာလအတွင်း နိုင်ငံတဝန်းမှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲပေါင်း ၉,၃၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အဲ့ဒီအထဲမှာ ကရင်ပြည်နယ်ဟာ တိုက်ပွဲဖြစ်ပွားမှု ပထမ အများဆုံးဖြစ်တယ်လို့ သုသေတန အဖွဲ့အစည်း တခုဖြစ်တဲ့ ISP Myanmar ရဲ့ စာရင်းတွေအရသိရပါတယ်။

သတင်း – နော်ဝါးဝါးဖော
ဓာတ်ပုံ – KHRG
Phar Si Than (People’s Radio Myanmar)