မင်းပြင်ရွာက နေအိမ်တွေကို စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီး

 မင်းပြင်ရွာက နေအိမ်တွေကို စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီး

By−နော်အယ်နီး

Date- September 29, 2025

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာက နေအိမ်တွေကို စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။ 

စက်တင်ဘာလ ၂၈ရက်နေ့၊ ညနေ ၆နာရီကျော်လောက်မှာ ပလမြို့ထဲ တပ်စွဲနေထိုင်နေတဲ့ စစ်ကော်မရှင်တပ်သားတွေက မင်းပြင်ရွာရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ပလမြို့ဒေသခံတစ်ဦးက ဆိုပါတယ်။ 

“ ရွာထဲမှာဘယ်သူမှလည်းမရှိတော့ မီးငြိမ်းမဲ့လူလည်းမရှိဘူး။ ညနက်အထိ လောင်နေတုန်းဘဲ့” လို့သူက အခုလိုပြောပါတယ်။ 

နှစ်ဖက်တိုက်ပွဲနဲ့ စစ်ကော်မရှင်တပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မင်းပြင်ရွာမှာနေထိုင်တဲ့ ဒေသခံတွေဟာ စစ်ဘေးတိမ်းရှောင်နေရပြီး ရွာထဲ လူမရှိတာကြောင့် မီးလောင်သွားတဲ့ အိမ်ခြေအရေအတွက်ကိုတော့ အတိအကျမသိရဘူးလို့ သူကဆက်ပြောပါတယ်။ 

“ စစ်ကြောင်းက အဲ့ရွာထဲရှိနေတာ။ ပြီးတော့ တိုက်ပွဲလည်း ဖြစ်နေတော့ ဘယ်သူမှမဝင်ရဲကြဘူး။ ရှောင်နေတာ ၃လကျော်ပြီး ပလတိုက်ပွဲစဖြစ်ကတည်းကဘဲ့” လို့သူက ပြောပါတယ်။ 

စက်တင်ဘာလ ၂၈ရက်နေ့၊ မနက်ပိုင်းကလည်း မင်းပြင်ရွာအနီးမှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကော်မရှင်တပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ပလမြို့မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကော်မရှင်တပ်တွေဘက်က ကြည်းရေလေအသုံးပြုကာ ခုခံတိုက်ခိုက်တာတွေကို လုပ်ဆောင်နေခဲ့တယ်လို့ တော်လှန်ရေတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။ 

ပုံ− ပလမြို့

Leave a Reply

Your email address will not be published. Required fields are marked *