ကော့ကရိတ်မြို့က စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်

[videopress Kdr4xE3I]

ဒီဇင်ဘာလ ၁၈ရက်၊ ၂၀၂၃ ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ Kloud တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၁၁ရက်နေ့ကနေ ၁၆ရက်​နေ့အတွင်း ကော့ကရိတ်မြို့မှာရှိတဲ့ ခမရ ၉၇ လက်နက်ကြီးကုန်း၊ တောင်ပေါ်ကျောင်း၊ အမှတ် (၃) ဂိတ်၊ ရွာသစ်လမ်းဂွ၊ ညောင်ပင်ဂိတ်၊ လှိုင်ဝလက်နက်ကြီးကုန်း၊ စစ်ကောင်စီတပ်စွဲရာ ရေကူးကန်နဲ့ စကခ (၁၉) လက်နက်ကြီးကုန်းတွေကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းဗုံးသီး (၂၇) လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကော့ကရိတ်မြို့မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ စစ်ကူတိုက်ခိုက်ပေးခဲ့တာဖြစ်တယ်လို့ Kloud တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

” အဲ့ဒီဘက်မှာ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်နေတာ၊ ထိတွေ့တိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့ ကျွန်တော်တို့ကအင်အားဖြည့်ပေးတဲ့သဘောပါ၊ ကျွန်တော်တို့ Kloud အနေနဲ့ လေကြောင်းပစ်ကူပေးခဲ့တာပါ၊” လို့ Kloud တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခုလို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရတာမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေရှိပေမဲ့ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် စာရင်းအတိအကျကို မသိရသေးဘူးလို့ သိရပါတယ်။

ကော့ကရိတ်မြို့မှာ ဒီဇင်ဘာလ ၁ရက်နေ့ကစပြီး ၁၈ရက်နေ့အထိ တိုက်ပွဲတွေ နေ့တိုင်းဖြစ်ပေါ်နေပြီး စစ်တပ်ဘက်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ ဝင်းကြီးရပ်ကွက်မှာနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

သူက” တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတာဘဲ၊ လက်နက်ကြီးနဲ့ တစ်ချိန်လုံးပစ်နေတယ်၊ (၉၇)ကကော၊လှိုင်ဝဘက်ကကော ပစ်တယ်၊ လေယာဥ်တော့လာမကြဲတော့ဘူး၊ စစ်တပ်က ဒရုန်းတော့အမြဲလာတယ်၊” လို့ပြောပါတယ်။

ကော့ကရိတ်မြို့တိုက်ပွဲအတွင်း စစ်တပ်ကနေ လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဝင်းကြီး၊ချောင်းတောင်နဲ့ တံတားဦးရပ်ကွက်တွေဘက်မှာ နေအိမ် (၁၀၀) ကျော်မီးလောင်ပျက်စီးခဲ့သလို ​ဒေသခံပြည်သူ (၂၀) ကျော်သေဆုံးခဲ့တဲ့အပြင် ဒေသခံ (၂၀၀၀၀) ဝန်းကျင်ဟာ ဘေးလွတ်ရာ မြဝတီ၊ ဘားအံနဲ့ မော်လမြိုင်မြို့တွေဘက်ကို စစ်ဘေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

လက်တလော ကော့ကရိတ်မြို့တွင်းက ​ေချောင်းတောင်၊တံတားဦး၊ ဝင်းကြီးရပ်ကွက်တွေအပြင် အံဖကြီး၊ အံဖလေး၊ ကော့နွဲ့နဲ့ အာရှလမ်းမဘက်တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

သတင်း – ကိုဖြိုး

ဓာတ်ပုံ – Kloud

Phar Si Than (People’s Radio Myanmar)