
စက်တင်ဘာလ ၁ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ် ရပ်ကွက်ထဲရှိ နေအိမ်တွေအတွင်းကို ဖောက်ထွင်းခိုးယူသူတွေ ယခင်ကထက် ပိုမိုအတင့်ရဲလာတယ်လို့ ရပ်ကွက်အတွင်းနေထိုင်နေတဲ့ ဒေသခံတွေပြောစကားအရ သိရပါတယ်။
ဖားအံမြို့ပေါ်ရှိ ရပ်ကွက်တွေအတွင်း ယခင်က နေအိမ်အတွင်းသို့ ဖောက်ထွင်း ခိုးခံရမှုတွေ ရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နေအိမ်တွေအတွင်းကို လာရောက်ခိုးယူသူတွေဟာ ယခင်ကထက် ပိုမို အတင့်ရဲလာတယ်လို့ ရပ်ကွက်အတွင်းရှိ အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောပါတယ်။
“မိုးတွင်းမှာအခိုးခံရတာကပိုများတယ်။ နေ့ခင်း ဘက်လည်းခိုးခံထိတယ်။ ညဘက်ဆိုရင် အိမ်မှာလူရှိပေမဲ့လည်း မီးမလာရင်တောင် တက်ခိုးရဲတဲ့အဆင့်ထိဖြစ်နေပြီး။ မိုးရွာပြီး မီးမလာရင် သူခိုးစိတ်ကြိုက်။ ဒါတောင် ရပ်ကွက်ထဲမှာ ရဲနဲ့စစ်သားတွေက လုံခြုံရေးယူထားတာနော်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က အုပ်ချုပ်ပြီးနောက်ပိုင်း အချိန်ကြာလာတာနဲ့အမျှ မြို့အတွင်း ကား၊ ဆိုင်ကယ်နဲ့ စက်ဘီတွေ အပျောက်များနေပြီး ယခုနောက်ပိုင်းမှာ နေအိမ်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ပြီး ခိုးယူတဲ့အဖြစ်တွေများလာတာကြောင့် ဒေသခံတွေအနေနဲ့ ဝေဖန်မှုတွေရှိနေတယ်လို့ သူက ဆက်ပြောသည်။
ကိုယ်တိုင်ကြုံတွေ့သူ ဒေသခံတစ်ဦးက “မီးကြိုးတွေ ဖြတ်ယူသွားတယ်။ ရေမြှပ်မော်တာ စောင်အသစ်၊ ခြင်ထောင်အသစ်။ အိမ်မှာ အလှဆင်ထားတဲ့ အလှမီးပလက်ခုံ။ တံမျက်စည်း၊ တစ်ရူး၊ ပန်ကာ ၃ မိနစ်အိုး ကအစခိုးလာတယ်”လို့ သူကပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကုန်စျေးနှုန်းအဆမတန်တက်လာအတွက် လက်လုပ်လက်စား အခြေခံလူတန်းစားအများစုမှာ စီးပွားရေးကြပ်တည်းလာသလို လောင်းကစားနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများလာတဲ့အတွက် ယခုလို သူခိုးတွေ ပိုမိုများလာရတဲ့ အကြောင်းအရင်းတစ်ခုဖြစ်တယ်လို့ ဒေသခံတွေရဲ့ ဝေဖန်ပြောဆိုမှုတွေအရ သိရပါတယ်။
Photo – CJ
Phar Si Than (People’s Radio Myanmar)