
ဇူလိုင်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့၊ လက်ခတ်တောင်ဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ နေ့တိုင်းနီးပါး ပစ်ခတ်တိုက်ခိုက်နေတယ်လို့ မြဝတီမြို့ဒေသခံတွေက ပြောပါတယ်။
မြဝတီမြို့၊ လက်ခတ်တောင်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့ တွကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ဇူလိုင်လ ၁၀ ရက်နေ့ နေ့လည် ၂ နာရီမှာ လက်ခတ်တောင်ရှိ စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်စခန်းကုန်းတစ်ခုကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကော်ပရာ စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
အခုလို လက်ခတ်တောင်မှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်စခန်းကုန်း သိမ်းပိုက်ခံရပြီးတဲ့နောက်ပိုင်းမှာ မြဝတီမြို့ရှိ ခလရ ၂၇၅ ကနေ လက်နက်ကြီးနဲ့ ညတိုင်းပစ်ခတ်နေပြီး ညဘက်မှာလည်း လေယာဥ်သံတွေကြားနေရတယ်လို့ မြဝတီမြို့ဒေသခံတွေက ပြောပါတယ်။
“ပစ်တာကတော့ ညတိုင်းပစ်နေတာဘဲ၊ နေ့ခင်းဘက်လည်းပစ်တယ်၊ လက်ခတ်တောင်ဘက်ကိုဘဲ ပစ်ထုတ်နေတာ၊ ဒါပေမဲ့ သူတို့က ဒီနေရာကိုပစ်ရင် ဟိုနေရာကျတာဆိုတော့ လူထိမှာ ကြောက်နေရတယ်၊ ညဘက်ဆိုရင်လည်း လေယာဥ်နဲ့ညတိုင်းလာတယ် လက်ခတ်တောင်ဘက်ကို” လို့ မြဝတီမြို့ဒေသခံတွေက ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် လက်ခတ်တောင်၊ ဂူတစ်ထောင်၊ ကျောက်မိုင်းကျေးရွာနဲ့ မေတ္တာလင်းမြိုင်ကျေးရွာတွေက ဒေသခံပြည်သူ ၅၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
“မြဝတီဘက်က အမျိုးတွေဆီပြေးတဲ့လူတွေလည်းရှိတယ်၊ ကော့ကရိတ်ဘက်ကိုပြေးတဲ့လူတွေ လည်းရှိတယ်၊ လက်ခတ်တောင်ဘက်ကို ပစ်နေတော့ မနေရဲကြတော့ဘူး၊ ၁ ၃ရက်နေ့ကလည်း မဲကနယ်မှာ လက်နက်ကြီးထိပြီး လူတစ်ယောက်သေသွားသေးတယ်၊ အိမ်တွေပေါ်လက်နက်ကြီး ကျလာမှာကြောက်လို့ပြေးနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြဝတီမြို့မှာ ဇူလိုင်လ အစပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြားမှာ စစ်ရေးအခြေနေတင်မာနေတဲ့အပြင် ဇူလိုင်လ ၅ ရက်နေ့နဲ့ ၆ ရက်နေ့ကလည်း စိမ်းလဲ့မြိုင်အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးတစ်ဦးနဲ့ ဗိုလ်မှူးတစ်ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မြဝတီမြို့မှာ ၂၀၂၃ ခုနှစ် ဧပြီလလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတွေပိုမိုတင်းမာလာကာ တိုက်ပွဲတွေလည်း နေ့တိုင်းနီးပါး ဖြစ်ပွားနေပါတယ်။

သတင်း – ကိုဖြိုး
ဓာတ်ပုံံ – Cobra Column
Phar Si Than (People’s Radio Myanmar)