
ဇူလိုင်လ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၄ ရွာက ဒေသခံ ၁၆၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
ဇူလိုင်လ ၉ ရက်နေ့မှစတင်တာ စစ်ကောင်စီတပ်သားတွေဟာ ရေးတွင်းကုန်းကြီးကျေးရွားအတွင်းကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဒီနေ့ ၁၃ ရက်နေ့အထိကို ညတိုင်းနီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ရေတွင်းကုန်းကြီးကျေးရွာအပါအဝင် သပြေကုန်း၊ ဥသျှစိကုန်း၊ အုန်းပင်စုကျေးရွာ ဒေသခံ ၁၆၂၃ ဦးက အနီးနားကျေးရွာတွေမှာတိမ်းရှောင်နေရတယ်လို့ ရေတွင်းကုန်းကြီးရွာရှိ ဒေသခံအမျိုးသား ၁ ဦးက ပြောပါတယ်။
“စကစစစ်ကြောင်းထိုးလာလို့တစ်ရွာလုံးပြေးနေရပီ အခုကတော့ တစ်ရွာလုံးပဲ ရွာထဲမှဘယ်သူမှမရှိဘူး နေ့ခင်းနေ့လည် ငြိမ်တဲ့အချိန်မှာတော့ ရွာထဲပြန်ပြီး ဝက်စာပြန်ကျွေးတယ် အိမ်မွေးတိရိစ္ဆာန် ပြန်ကြည့်တယ် ရွာမှာတော့မအိပ်ရဲကြဘူး အကုန်လုံး သူများရွာမှာပဲရှောင်နေတာအခု အဲ့ဒီစစ်ကြောင်းထိုးတဲ့တပ်က နတ်သံကွင်းထဲမှာ ပထမ ၂ ရက်နေ့ကနေ စပြေးတယ် ပြန်လာတယ် အဲ့ဒီကနေ ၉ ရက်နေ့အထိပဲ”လို့ သူကပြောပါတယ်။
အခုလို စစ်ကြောင်းထိုးပြီးနောက်ပိုင်း ရွာထဲကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာ၊ နေအိမ်အတွင်းက ပစ္စည်းတွေကိုမွှေနှောက်ရှာဖွေတာတာ၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တစ်ချို့ ပျက်စီးခဲ့တဲ့အပြင်ဇူလိုင်လ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့လက်နက် ကြီးကြောင့် အိမ်မွေးရိစ္ဆာန် ကျွဲ၊ နွား ၄ ကောင် လက်နက်ကြီးထိမှန်ခဲ့တယ်လို့သူကဆက်ပြောပါတယ်။
“ရွာထဲမှာကတော့အိမ်တွေမီးရှို့တယ်၊ လက်နက်ကြိးကျလို့ ပျက်စီးတာကတော့ ၂ အိမ်၊ ၃ အိမ်ပေါ့ မနေ့ကတော့ လက်နက်ကြီးကျလို့ အိမ်မွေးတိရိစ္ဆာန်၄ကောင်ထိတာတွေ ဘာတွေ ပေါ်စားရတာပဲ ဘာမှလုပ်လို့မရတော့ဘူး ကျွဲ၊ နွားတွေက ဒဏ်ရာတွေကကြီးတာကို အိမ်ရှင်ခြံရှင်တွေလည်း အဲ့လိုပဲကြည့်မနိုင်တော့ ဒီတိုင်းလွှတ်ထားတာစပါးခင်းထဲမှာ စပါးတွေလည်းစား ပထမသူတို့ စစ်ကြောင်းထိုးတော့မယ်ဆိုရင် လက်နက်ကြီးနဲ့ပစ်ကူပြီးတော့ စစ်ကြောင်းထိုးတယ် ရွာထဲမှာကတော့ ပြေးကြတယ် ကျန်ခဲ့တဲ့သူဆိုရင်တော့ ဖမ်းခံထိတယ် လုပ်နေကြပုံစံကအဲ့ဒီပုံစံပေါ့” လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်က အခုလိုစစ်ကြောင်းထိုးလာတဲ့အပြင် အခုလက်ရှိအချိန်မှာလည်း မိုးတွင်းကာလ ဖြစ်တာကြောင့် ဒေသခံတွေမှာ နေရေးထိုင်ရေး၊ စားရေးသောက်ရေးအတွက် အခြေခံစားသောက်ကုန် အပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်းရှိတယ်လို့ဆိုပါတယ်။
ဇူလိုင်လ ၆ ရက်နေ့ကနေ ၉ ရက်နေ့အထိ ခလရ- ၂၆၄ က ကျောက်မှော်ဘုရားကြီးကျေးရွာက ဒေသခံအမျိုးသား ၁၃ ဦး၊ ပဒဲကောကျေးရွာက ၂ ဦးနဲ့ ဗမာဝက်လာတောကျေးရွာက ၁ ဦး၊ ဒါးကုလားကျေးရွာက ၃ ဦး စုစုပေါင်း ၁၉ ဦးတို့ကို ကျောက်တံခါးရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားကာ ပဒဲကောကျေးရွာသားတစ်ဦး ပြန်လည်လွတ်မြောက်ပေမဲ့ ကျန် ၁၈ ဦးကိုတော့ စစ်ကောင်စီတပ်က ထောင်ချမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇူလိုင်လ ၁၀ ရက်နေ့မှာလည်း အင်အား ၅၀ ပါ စစ်ကောင်စီတပ်စစ်ကြောင်း မူးမြို့နယ်က ရွာကြီးအင်းကျေးရွာကို စစ်ကြောင်းထိုးလာကာ ဇူလိုင်လ ၁၁ ရက်နေ့မှာတော့ ရွာကြီးအင်းကျေးရွာက အသက် ၄၂ အရွယ် ဦးဇော်ဦး ဖမ်းဆီးခေါ်ဆောင်သွားပြီး အခုချိန်ထိပြန်လည်လွတ်မြောက်လာတာမျိုး မရှိသေးတဲ့အပြင် ဘယ်နေရာကိုဖမ်းဆီးခေါ်ဆောင်သွားလည်းဆိုတာမသိရသေးဘူးလို့ ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး သတင်းနှင့်ပြန်ကြားရေးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)