ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ် တိုက်ခိုက်ခံရ၊ တစ်ဦး ပွဲချင်းပြီး သေဆုံး


ဇွန်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်

ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်း၊ ပဲခူးရိုးမအစပ်၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းကျေးရွာ အထိုင်စခန်းကနေ ရွှေလေးကြိုးဝိုင်းထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ပဲခူးတိုင်းမဟာမိတ် တော်လှန်ရေးအင်အားစုတွေက ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်အင်အား အယောက် ၄၀ နဲ့ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပေါင်းတည်မြို့နယ်၊ သရက်ချဉ်ရိုး အနီးမှာ ဇွန်လ ၂၄ ရက်နေ့ မနက် ၈ နာရီခွဲ အချိန်လောက်က ကြားဖြတ် တိုက်ခိုက်ခံရပြီးနောက် တစ်ဦးပွဲချင်းပြီး သေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ် (PPDF) ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“သူတို့ ဒီလမ်းက တက်လာမယ်ဆိုတာ ကျနော်တို့ သတင်းအတိအကျ ရထားတာပေါ့နော်။ အဲတော့ အဆင့်သင့် ခြုံခိုစောင့်နေပြီးမှ အလစ်ဝင်ပစ်တာပေါ့။ ဒီကောင်တွေ ခုခံချိန်တောင် မရလိုက်ပါဘူး။ ဝရုန်းသုန်းကားပဲ။ ကျနော်တို့က အပေါ်စီးကဆိုတော့ သူတို့ အလောင်း လာသယ်သွားတာတွေ မြင်နေရတယ်Ó

ပစ်ခတ်မှု ပြီးတဲ့နောက်မှာ သေဆုံးသူ အလောင်းနဲ့ ဒဏ်ရတဲ့သူကို စောင်ပုခတ်တွေနဲ့ ထုတ်ပြီး စစ်ကောင်စီရဲ့ အထိုင်စခန်းဖြစ်တဲ့ သစ်ပုတ် တာဝါတိုင်ဘက်ကို သယ်ဆောင်သွားတယ်လို့ သူက ဆက်ပြောပြပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီတပ်တွေဟာ အလောင်းအပါအဝင် ပြည်သူပိုင် ယာတဲ ၃ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီ စစ်ဆင်ရေးကို PPDF တပ်ရင်း ၂ (လင်းယုန်စစ်ကြောင်း)နဲ့ တပ်ခွဲ ၂ တို့က ပူးပေါင်း ဖော်ဆောင်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်ခုခံခဲ့ပေမယ့် တပ်ဖွဲ့ဝင်အားလုံး အထိအခိုက် အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွါနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၁၄ ရက်နေ့ကလည်း ရွှေလေးကြိုးဝိုင်းထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဧက ၅၀၀ အကွက် အမှတ် ၄၀ အရောက်မှာ PPDF တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့ပြီး ၅ ဦး ထိခိုက်မှု ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

[videopress 5NYh29fW]

#ချယ်ရီနွေဦး