ပုလောမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိ

ဧပြီ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်

တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ King Cobra အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

ဧပြီလ ၇ ရက်နေ့ နေ့လည် ၂ နာရီလောက်မှာ အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ခြေလျင်နဲ့ တောလမ်းအတိုင်း စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပုလောမြို့နယ်ထဲက မင်းထိန်ရွာနဲ့ ပဝတ်ကုန်းရွာကြားမှာ ဆွဲမိုင်း ၁၀ လုံး တိုက်မိုင်း ၄ လုံး စုစုပေါင်း မိုင်း ၁၄ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ King Cobra အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

“မင်းထိန်မှာ တိုက်မိုင်း ၃ လုံးဆွဲတယ်။ ဆွဲမိုင်းမှာ သေတာတောင် ၃၀ ဝန်းကျင်လောက်ရှိတယ်။ ဆွဲမိုင်းဆွဲလိုက်လို့ လယ်ကွင်းထဲဆင်းပြေးတာ။ အလောင်းနဲ့လူနာက ပုလောဘက်ကို ကားသုံးစီးက တိုက်မိုင်း ၃ လုံးထိတာ။ လမ်းမှာ ပုံထားတဲ့အလောင်းတွေရှိသေးတယ်။ ပဝတ်ကုန်းမှာ တိုက်မိုင်း ၁ လုံး ထိတယ်။ ပဝတ်ကုန်းမှာထိတာက ပလကိုပိုတယ်”လို့ သူကပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အချိန် စစ်ကောင်စီဘက်က တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်တာတွေလည်း ရှိပါသေးတယ်။

အဲ့ဒီနေ့မှာဘဲ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို ညနေ ၅ နာရီမှာ ၆ နာရီ ကျော်ထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု တစ်နာရီကျော်ကြာမြင့်ခဲ့ပြီး  ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ King Cobra အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

“မိုင်းဆွဲတိုက်ခိုက်မှုအပြီး ၅ နာရီကနေ ၆ နာရီကျော်ထိ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်” လို့သူကပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို King Cobra အဖွဲ့၊ KPDF၊ PPDF တပ်ခွဲ ၃၊ ကွန်မန်ဒိုတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး မတ်လ ၂၁ ရက်နေ့ကလည်း ပုလောမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို King Cobra အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၃ ဦး သေဆုံးခဲ့သေးတယ်လို့ နယ်မြေခံသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

[videopress T8I7t7GI]

သတင်း- နော်အယ်နီး

ဓာတ်ပုံ- King Cobra